ပွင့်ဖြူမြို့နယ်၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အပန်းဖြေ လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်းဖြင့် ဒေသခံပြည်သူ လူထုအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ပြီး ဒေသတွင်းရှိ သဘာဝပတ်ဝန်းကျင်အနေအထား၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့များ၊ အပန်းဖြေလည်ပတ်နိုင်သော ခရီးစဉ်သစ်များကို ဖော်ထုတ်နိုင်ရေး အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သဖြင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက မြို့နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အပန်းဖြေလာရောက်လည်ပတ်နိုင်သည့် အထင်ကရနေရာများဖြစ်သည့် ရုံလေးရုံဘုရား၊ မဲဇလီဆည်တော်၏ သဘာဝပတ်ဝန်းကျင် အနေအထား၊  မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် တန်ဖိုးထားထိန်းသိမ်းသည့် ရေပုတ်ကြီးကျေးရွာရှိ ဆံရစ်ဝိုင်းထားသိုမှု ဓလေ့များနှင့် အခြားအပန်းဖြေ လည်ပတ်နိုင်သော သဘာဝရှုခင်းများကို ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် မြို့နယ်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက ကော်မတီအဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)