စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များ အား စကောကရင်/မြန်မာ နှစ်ဘာသာဖြင့် နှိုးဆော်ဆောင်ရွက်

စုကလိ  ဇန်နဝါရီ  ၂၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှု မရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုမှ ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင် ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု မဖြစ်စေရေးအတွက်  ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ  ထိုးနှံပေးကြပါရန်တို့ကို စကောကရင်၊ မြန်မာဘာသာ  နှစ်ဘာသာတို့ဖြင့်  လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံ ကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ် အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

 

ပိုပိုအောင်