လှိုင်းဘွဲ ဇန်နဝါရီလ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိ စေရန်အတွက် စာအုပ်စာစောင်များ လေ့လာဖတ်ရှုရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်သာယာလှပရေးသည် လူသားအားလုံးတို့အတွက် မဖြစ်မနေ ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင်ထိန်းသိမ်းကြစို့၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ဖျက်စီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးမှတ်တမ်းဓါတ်ပုံနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှုကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
စောဒိ(ပြန်/ဆက်)