ဖျာပုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဖျာပုံ   ဇန်နဝါရီ   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုး ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး ကြိုတင်ကာကွယ်သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေးနှိုးဆော်ကြေညာခြင်းကို ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက်(၉) နာရီ အချိန်က Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက် အချို့တွင် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူများ အနေဖြင့်ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိသော်လည်း အခြားသောနိုင်ငံများတွင် ကူးစက်ပြန့်နှံ့မှု နှုန်းများပြားလာနေပြီဖြစ်၍ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင်လည်း ရောဂါပိုးတွေ့ရှိသူများ ရှိနေပြီ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှု အပြည့်အဝရရှိစေရန်၊ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိရာပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးကြပါရန် အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြ‌ ကြောင်းသိရသည်။

အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)