နတ်မောက်မြို့နယ်တွင် ပဲစင်းငုံသီးညှပ်သီးသန့် ဧက (၃၀၀၀၀) ခန့်စိုက်ပျိုးထားရှိပြီး စံကွက်များစတင်ရိတ်သိမ်း

နတ်မောက်    ဇန်နဝါရီ   ၂၄

မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ တောင်သူများပူးပေါင်းပြီး ပဲစင်းငုံသီးညှပ် စံကွက်များစတင် ရိတ်သိမ်းလျက်ရှိသည်။နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံအများဆုံးစိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ဧကနှင့် အထွက်နှုန်း တိုးတက်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပဲမျိုးစုံအနက်မှ ပဲစင်းငုံသီးညှပ် သီးသန့်နေဖြင့် ဧက (၃၃၀၀၀) ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

“ကျွန်မတို့မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ယခုလို စံကွက်ရိတ်သိမ်းရခြင်း၏ ရည်ရွယ်ချက်ကတော့ ပဲစင်းငုံသီးနှံသည် ယခုနှစ်ပေါက်စျေး အနေဖြင့် တစ်တင်းစျေးနှုန်း( ၄၀၀၀၀) ကျော်ခန့် ရရှိပြီး တစ်ဧကကုန်ကျစရိတ် အနည်းငယ်သာအသုံးပြုရပြီး စျေးကွက်ကောင်းရရှိပါက ဒေသနှင့်ကိုက်ညီပြီး တစ်ဧကအကျိုးအမြတ်အများဆုံးရရှိနိုင်သည့် သီးနှံတစ်မျိုး ဖြစ်သည့်အတွက်   ခန့်မှန်းသိရှိပြီး အကျိုးအမြတ်ကို ချပြနိုင် ရန်၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် အပင်ဦးရေ၊ တစ်ပင်ပါသီးတောင့် စသည့်အထွက်နှုန်းမိတ်ဖတ်များကို တောင်သူများအား ပညာပေးချပြရှင်းလင်းနိုင်ရန်ဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

သင်းသင်းမြတ်(ပြန်/ဆက်)