အထက်မင်းလှ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန် အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် (၈)နာရီခွဲက ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်နှင့် မင်းလှမြို့နယ်ရုံး ဦးစီးမှူးဦးစန်းမင်းတို့မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(၇၅)ဦး၊ မ(၈၂)ဦး စုစုပေါင်း(၁၅၇)ဦးအား ပြုလုပ်ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဒေသခံပြည်သူများ၊ အခြေခံပညာကျောင်းများသို့အရောက် လိုက်လံဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့် ပတ်သတ်၍ အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်းစသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးစန်းမင်းထံမှ သိရသည်။ အဆိုပါ နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းပြုလုပ်ပေးရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)