ပုလော ဇန်နဝါရီလ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၂)နာရီအချိန်မှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း ယခင်ကထက် လျော့နည်းလာပြီဖြစ်သော်လည်း ရောဂါကင်းစင် ပပျောက်မှု မရှိသေးသည့်အပြင် ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်အတွင်း၌သာနေထိုင်ရန်၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုရန်နှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်းလုံးဝမပြုရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွါပါက (Mask) နှာခေါင်း စည်းစနစ်တကျတပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည် ရောဂါဝေဒနာရှင်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြုရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှရှောင်ကျဉ်ရန် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ မကြာခဏစနစ် တကျဆေးကြောရန် ၊(Mask)နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊ အသုံးပြုပြီးသော (Mask)နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်တို့ကို အသိပညာပေး နှိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော)