(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းပြုလုပ်

ကော့သောင်း ဇန်နဝါရီ ၂၄

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်အဖြစ်  ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်‌နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူလူငယ်များအား စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စာအုပ်ပြပွဲသို့ လာရောက်လေ့လာကြသည့် လူငယ်များအား ပြည်ထောင်စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်များနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းဆိုင်ရာ စာအုပ်စာပေများ၊ တောင်တန်းပြည်မစည်းလုံးညီညွတ်ရေး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ဆိုင်ရာစာအုပ်များ၊ အခြားဗဟုသုတဖြစ်ဖွယ် စာအုပ်စာပေများအား ခင်းကျင်းပြသပေးထားရာ လူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ထိုအပြင် စာဖတ်ခြင်းအလေ့အထ ရှင်သန်ထက်မြက်လာရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရေးနှင့် စာပေမှ အသိပညာဗဟုသုတများ ရှာမှီးတတ်လာစေရေး ရည်ရွယ်ကာ လူငယ်များအား စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊  စာကြည့်တိုက်အသင်းဝင်ကဒ်များ ထုတ်ပေးခြင်း နှင့် စာအုပ်စာပေများ ငှားရမ်းပေးခြင်းလုပ် ငန်းမျာ ဆောင်ရွက်ကြခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)