ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဂျိုင်း(ကော့ကရိတ်) တံတားသစ် တည်ဆောက်ရေး လုပ်ငန်းခွင်အား ကြည့်ရှု စစ်ဆေး

ဘားအံ ဇန်နဝါရီ ၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်း ကြောင်းပေါ်တွင် တည်ရှိသည့် ဂျိုင်း (ကော့ကရိတ်) တံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဂျိုင်း(ကော့ကရိတ်) တံတားသစ် ဘားအံဘက်ခြမ်း ချဉ်းကပ်လမ်း (A1) ဘက် ၅၂၀ မီတာကျောက်ချောလမ်းခင်းမည့်အပိုင်း၊ တံတားအထူး(၁၄)မှ ဘေလီတံတား တည်ဆောက်နေသည့် နေရာ၊ တံတားသစ်ချဉ်းကပ်လမ်းမှ ပွန်တွန်းတံတားချဉ်းကပ် လမ်းဘက်သို့ ဆက်သွယ်သည့် ဖြတ်လမ်းဆောင်ရွက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦအောင်ညိုနှင့် တာဝန်ရှိသူများက ပေ ၃၀ အကျယ်တံတား ချဉ်းကပ် လမ်းကို မိုးမကျမီပထမအခြေခံလွှာထိ ပြီးစီးအောင် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးများသည့် ဒေသဖြစ်သည့်အတွက် ရေကြီးနစ်မြှုပ်မှုမှ ကင်းဝေးစေရေး ရေဆင်းရန်နှင့် ရေထွက်ရန်နေရာများ ဆောင်ရွက်ပေးဖို့ လိုမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဂျိုင်းမြစ်ကို ပွန်တွန်းတံတားပေါ်မှ တစ်ဆင့် ဖြတ်သန်း၍ ပွန်တွန်းချဉ်းကပ်လမ်းနှင့် တံတားသစ်ချဉ်းကပ်လမ်းဆုံနေရာ၌ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ နေမှုကို ကြည့်ရှုစစ်ဆေးပြီး  ဂျိုင်း(ကော့ကရိတ်) တံတားသစ် တည်ဆောက်ရေး လုပ်ငန်းခွင် P3 Cantilever & Pylon Work သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တံတားတည်ဆောက်ရေး အင်ဂျင်နီယာချုပ်တို့က တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်းပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ အဆိုပါတံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေး အင်ဂျင်နီ ယာချုပ်နှင့် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က တံတားတည်ဆောက်ရေး လုပ်ငန်းနှင့်ချဉ်းကပ်လမ်း ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တံတားတည်ဆောက်ရာတွင် သတ်မှတ် ထားသည့် ခံနိုင်ဝန်ရှိရန်နှင့် ရေရှည်ခိုင်ခံမှုရှိစေရန်အတွက် သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့်အညီ စနစ်တကျ တည်ဆောက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဂျိုင်း(ကော့ကရိတ်) တံတားသစ်သည် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်တွင် တည်ရှိပြီး အရှည် ၁၉၀၃ ပေ၊ အကျယ် ၇၄ ပေ(လေးလမ်းမောင်း) ရှိမည်ဖြစ်ကာ သံမဏိကွန်ယက်ပြားများဖြင့် တည်ဆောက်ထားသည့် သုံးခန်းတွဲကြိုတင်အားဖြည့် သံကူကွန်ကရစ်ကြိုးဆိုင်းတံတား အမျိုးအစား ဖြစ်ကြောင်း၊  ချဉ်းကပ်လမ်း ၁ ဒသမ ၂ ကီလိုမီတာကို ကြိုတင်သွန်းလောင်း ကွန်ကရစ်အချပ်ဖြင့် နှစ်ခန်းတွဲ သံမဏိယပ်မတံတားအဖြစ် တည်ဆောက်လျက် ရှိကြောင်းနှင့် အဆိုပါတံတားသစ်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရေး ရည်မှန်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကသောင်ဆရာတော် ဘဒ္ဒန္တအာစရအား သွားရောက် ဖူးမြော်ကြည်ညို ကြပြီး ဒေသဖွံဖြိုးရေးဆိုင်ရာများနှင့် သာသနာတော်ဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကိုဗစ်အလွန်ကာလတွင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ စိတ်အေးချမ်းသာ အနားယူအပန်းဖြေနိုင်စေရေးအတွက် ခရီးစဉ်ဒေသတစ်ခု ဖြစ်သည့် ကော့ကသောင်ဂူ နှင့် စိတ္တသုခရေတံခွန်တို့အား ပြင်ဆင်မွမ်းမံဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး  ကော့ကသောင်ဂူ ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)