မင်းဘူး(စကု)မြို့နယ် ပက်ပယ်ကျေးရွာရှိ အရန်မီးသတ် တပ်ဖွဲ့အတွက် အပေါ့စား မီးငြှိမ်းသတ် စက်တစ်စုံ ထောက်ပံ့ပေးအပ်

မင်းဘူး ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရေငံကျေးရွာအုပ်စု၊ ပက်ပယ် ကျေးရွာနေ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဆင်ပြေစေရန် ကျေးရွာအရန်မီးသတ် တပ်ဖွဲ့အတွက် အပေါ့စား မီးငြှိမ်းသတ် စက်တစ်စုံကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ နာရီ အချိန်က ခရိုင်မီးသတ် ဦးစီးမှူးရုံး ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ နယ်မြေ ကွင်းဆင်းပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကျေးရွာအရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးက အပေါ့စား မီးငြှိမ်းသတ်စက်နဲ့ ရေပိုက်တစ်စုံကို ချထားပေးဖို့ တင်ပြတောင်းခံခဲ့တဲ့အတွက် တိုင်းမီးသတ် ဦးစီးမှူး ထံတင်ပြပြီး ခွင့်ပြုချထား ပေးခဲ့တာကြောင့် ယခုလို လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်ဟု ခရိုင်မီးသတ် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။

ပက်ပယ်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့အတွက် အပေါ့စားမီးငြှိမ်းသတ်စက်နှင့် ရေပိုက်တစ်စုံကို မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် (၁၇)သိန်းခန့်ရှိကြောင်း၊ အဆိုပါ အပေါ့စားမီးငြှိမ်းသတ်စက်ကို မြေပြင်တွင် လက်တွေ့အသုံးပြု ဆောင်ရွက် နိုင်စေရန် စမ်းသပ်သရုပ်ပြ မီးငြှိမ်းသတ်ခြင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)