ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်အဝထိုးနှံပြီးသူ ခြောက်သောင်း ရှစ်ထောင်ကျော်ရှိပြီဖြစ်

ပခုက္ကူ ဇန်နဝါရီ ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိကြရာ ပခုက္ကူမြို့နယ်တွင် ယနေ့အထိ ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်အဝ ထိုးနှံပြီးသူ ခြောက်သောင်းရှစ်ထောင်ကျော်ရှိပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးက သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှစတင်ပြီး Covishied၊ Senovax ၊ Verocell ၊ Sinopharm ၊ Sinovac စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အမျိုးအစားတို့ကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်အဝ ထိုးနှံပေးပြီးသူအနေဖြင့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် ရဟန်း၊ သံဃာနှင့် သီလရှင်ပေါင်း(၆၇၁)ပါး၊ ကျန်းမာရေး ဝန်ထမ်းအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု (၅၆၂၅)ဦး၊ စေတနာ့ဝန်ထမ်း(၁၄၅၁)ဦး၊ အကျဉ်းသား၊ အကျဉ်းသူ(၂၈၃)ဦး၊ ဘဏ်၊ စက်ရုံ၊ အလုပ်ရုံများနှင့် အခြားပုဂ္ဂလိက လုပ်ငန်းများမှ ဝန်ထမ်း(၉၆၄)ဦး၊ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၄၄၄၅ ဦးနှင့် အခြားဦးစားပေး အဆင့်အလိုက် ပြည်သူ(၄၄၅၆၇)ဦး စုစုပေါင်း(၆၈၀၀၆)ဦး ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံသည့်ပြည်သူများကို အခက်အခဲမရှိ အဆင်ပြေ ချောမွေ့စွာ ထိုးနှံပေးနိုင်ရေးတို့အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ပါးစပ်နှင့်နှာ ခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျ မှတ်ပုံတင် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)