ရွှေဘို၌ စာဖတ်ဝိုင်း၊ ကဗျာဝိုင်း၊ စာအုပ်စာစောင်လှူဒါန်းပွဲနှင့် စာရေးဆရာအသင်းဝင်ကတ် ပေးအပ်ပွဲ ပြုလုပ်

ရွှေဘို သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်အသင်း (youth club) တို့ ပူးပေါင်းပြီး စာဖတ်ဝိုင်း၊ ကဗျာဝိုင်း၊ စာအုပ်စာစောင် လှူဒါန်းပွဲနှင့် စာရေးဆရာ အသင်းဝင် ကတ်ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာပေဝါသနာရှင်များက အလှည့်ကျ ကဗျာများရွတ်ဆိုရသော ကဗျာဝိုင်းကို ကျင်းပသည်။ ထို့နောက် စာရေးဆရာဦးကိုလေး (ထန်းတပင်) အား စာရေးဆရာ အသင်းဝင် ကတ်ကို ပေးအပ်ခဲ့ရာ စာရေးဆရာ ဦးကိုလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။ ယင်းနောက် ရွှေဘိုမြို့နယ်စာရေးဆရာအသင်းက သပြေကန်ကျေးရွာ ပညာ့ဗိမာန် စာကြည့်တိုက်၊ တင့်တယ်ကျေးရွာ ရွှေစင်ဝင်းစာကြည့်တိုက်နှင့် တဂဏန်းကျေးရွာ စာရိတ္တဂုဏ်ရည်စာကြည့်တိုက်များသို့ စာရေးဆရာညိုမြ ရေးသားသော ကုန်းဘောင်ရှာပုံတော် စာအုပ်တစ်အုပ်စီ ကိုလှူဒါန်းခဲ့သည်။

ဆက်လက်ပြီး စာရေးဆရာ အလင်းရောင် (မြို့သာ)၏ လူငယ်နှင့်စာပေဆောင်းပါးကို စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ရွှေဘိုမြို့နယ်စာရေးဆရာအသင်းဥက္ကဌ စာရေးဆရာ အောင်ဘုန်းညို၊ အတွင်းရေးမှူး စာရေးဆရာမိုးစက်(ကျွန်းလှ)တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော စာပေဝါသနာရှင်များက သိရှိလို သည်များ မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယခုစာဖတ်ဝိုင်းသည် (၅၃) ကြိမ်မြောက် စာဖတ်ဝိုင်းဖြစ်ပြီး (၃၃) ကြိမ်မြောက် ကဗျာဝိုင်းဖြစ်ကြောင်း သိရသည်။

စိုးသီဟ(ရွှေဘို)