စစ်ကိုင်း ဇန်နဝါရီ ၂၃
စစ်ကိုင်းမြို့တွင် မဲခေါင်စာပေဆုရ ဦးဖေသန်း(ဆရာနေမင်းသန်း) ရေးသားပြုစုသည့် “ဘဝတွက်တာ အရေးပါ” ကဗျာသံပေါက်များ စာအုပ်မိတ်ဆက်ပွဲကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ခန်းမ၌ ယမန် နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို စာရေးဆရာကြီး ဦရဲထွဋ်(မောင်မျက်ရှင်)နှင့် စာရေးဆရာကြီး ရေနံ့သာ ဦးစိုးလှိုင်တို့က မုဒိတာစကားများ ပြောကြားပေးခဲ့ကြပြီး စာရေးဆရာနေမင်းသန်းက မြန်မာ့ကဗျာများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် လူငယ်လူရွယ်များ ကျယ်ပြန့်သော ဗဟုသုတရရှိကာ မှန်ကန်သောအတွေးအခေါ်များ မြင့်မားတိုးတက်ရေးကိုရည်ရွယ်၍ ရေးသားပြုစုထားခြင်းဖြစ်ကြောင်း၊ သံပေါက် ကဗျာသီးသန့်ဖြစ်သည့်အတွက် လူငယ်လူရွယ်များအား လက်ဆင့်ကမ်းဝေငှရန် အကောင်းဆုံး’ဖြစ်ကြောင်း စသည် ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
စာအုပ်မိတ်ဆက်ပွဲသို့ စစ်ကိုင်း၊ မန္တလေး၊ အမရပူရ မြို့နယ်များမှ စာရေးဆရာကြီးများ၊ စာပေ ဝါသနာရှင်များ တက်ရောက်ကြကာ တစ်ဦးချင်းစီမိတ်ဆက်ကြ၍ စာပေးရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း စာအုပ်/စာစောင်များ ခင်ကျင်းပြသပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်