ပခုက္ကူ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူတက္ကသိုလ်၏ (၂၁)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် Climate Change and It's Impacts on Socio-Economic Development နှင့်ပတ်သက်သည့် သုတေသနစာတမ်းများဖတ်ပွဲကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
သုတေသနစာတမ်းဖတ်ပွဲတွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်မျိုးသူက အွန်လိုင်းမှတစ်ဆင့် ဂုဏ်ပြုအမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက သုတေသနစာတမ်းဖတ်ပွဲပြုလုပ်ခြင်း ရည်ရွယ်ချက်များ၊ တက္ကသိုလ်နှင့် ဌာန(ဘာသာရပ်)များ၏ ဂုဏ်အင်္ဂါများကို တန်းဖိုးမြင့်တင်ပေးမည့် သုတေသနစာတမ်းကောင်းများ ပေါ်ပေါက်လာရေးနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲလာခြင်း၊ ခေတ်မီနည်းပညာများထွန်း ကားတိုးတက်လာခြင်းတို့ကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများအပေါ် အကျိုးသက်ရောက်လာသည့်အကြောင်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမနှင့် Theater ခန်းမတို့တွင် Climate Change and It's Impacts on Socio-Economic Development နှင့်ပတ်သက်သည့် သုတေသနစာတမ်း (၅၁)စောင်ကို သက်ဆိုင်ဘာသာရပ်များအလိုက် စာတမ်းရှင်များက အသီးသီးဖတ်ကြားကြပြီး ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက ဖတ်ကြားထားသည့် သုတေသနစာတမ်းများအပေါ် မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ စာတမ်းရှင်များက ပြန်လည်ရှင်းလင်းဖြေကြားကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)