မြို့သစ်မြို့တွင် စိုက်ပျိုးဖြစ်ထွန်းနေသော ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ

မြို့သစ်  ဇန်နဝါရီ    ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် မြေဆီလွှာပျက်စီး ဆုံးရှုံးမှုကာကွယ်ရန် ဓာတ်မြေသြဇာလျှော့ချပြီး သဘာဝမြေသြဇာဖြစ်သော ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာကို အစားထိုးသုံးစွဲ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

ယခင်နှစ်က စံပြကွက်များနှင့်ပြုလုပ်စိုက်ပျိူးထားပြီး သီးနှံအာဟာရအကျိုးပြုနိုင်တဲ့အတွက် ယခုနှစ်တွင် မျိုးစေ့ထုတ်(၁၅)ဧကခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း နောင်လာမည့်နှစ်တွင် မျိုးရှားပါး ခြင်းမှဖြေရှင်းနိုင်ရန်၊ မျိုးအလုံ အလောက်ရရှိနိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရန် အတွက် ဧက(၅၀၀)အထိ စိုက်ပျိုးရန်လျာထားထားကြောင်း မြို့သစ်မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။

အစေ့စိုက်ပြီး ၄၅ ရက်ကြာလျှင် သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပြီး မိုးသီးနှံဆို ထယ် မှောက်ပြီး ၁၅ ရက်၊ ဆောင်းသီးနှံဆို ထယ်မှောက်ပြီး ၁ လ နေလျှင် ထွန်မွှေပြီး သီးနှံစိုက်ပျိုး နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒေသခံ တောင်သူဦးလွန်းကျော်မှလည်း " ကျွန်တော် ဒီပိုက်ဆံလျှော်ကို စိုက်ပြီး သစ်စိမ်း မြေသြ ဇာအဖြစ် သုံးလာတာ အရင်နှစ်ကနဲ့ အခုနှစ်ရောဆို ၂ နှစ်ရှိပါပြီ ကျွန်တော်က လယ်စိုက်တဲ့ အချိန်နဲ့ကိုက်လို့စိုက်ထားတာပါ။ ပြီးတော့ ထယ်မှောက်၊ ထွန်မွှေ နှပ်ထားပြီး လယ်စိုက်တာ ပါ။ ဒီလို သဘာဝ မြေသြဇာကို သုံးရတဲ့အတွက် ဓာတ်မြေသြဇာလျော့ချပြီး မြေဆီလွှာပျက်စီး ဆုံးရှုံးမှုကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ် "ဟု ပြောကြားခဲ့ပါတယ်။

သစ်စိမ်းမြေသြဇာထည့်သွင်းခြင်းဟာ မြေဆီလွှာအတွင်းရှိ သီးနှံပင်များနှစ်သက်သောအာဟာရ များ တိုးပွားစေခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုကို လျော့နည်းစေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလျော့နည်းစေခြင်း၊ရောဂါ ပိုးမွှားနှိမ်နင်းရန်အတွက်ပါ အသုံးဝင်ခြင်း စတဲ့အကျိုး ကျေးဇူးတွေရရှိမှာဖြစ်ကြောင်း စိုက်ပျိုးရေးဌာနမှ သိရသည်။

သစ်စိမ်းမြေသြဇာကို ထုတ်လုပ်မှုနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် လက်တွေ့ နည်းပညာပေး သင်တန်းများနှင့် စံပြ ပြကွက်များလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့သစ်မြို့စိုက်ပျိုးရေးဦးစီးမှူးဦးအောင်ကိုဦးထံမှ သိရသည်။

စန္ဒာ(ပြန်/ဆက်)