မင်းဘူး ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကန်ရေကျေးရွာမှ တောင်သူများသည် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသော ကုလားပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံများ ရိတ်သိမ်းချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ကန်ရေကျေးရွာနေ ဒေသခံတောင်သူများထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စု၊ ကျေးရွာပေါင်း ၁၅၀ ရှိကာ ကျေးလက်နေ ပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး အချို့ကျေးရွာများတွင် မြေအောက်ရေ ဖူလုံစွာရရှိကြသဖြင့် ဥယျာဉ်ခြံမြေများ ပြုစုပျိုးထောင်ကာ စားပင်သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံပင်များ ဖြစ်သော သရက်၊ လျှော်ဖြူ၊ သနပ်ခါး၊ မန်ဂျန်ရှားနှင့် ဆီးပင်များကို ရေသွင်း၍ စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။
ယခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးထားသည့် ကုလားပဲသီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်းလျက်ရှိပြီး သီးနှံများ အောင်မြင်ပြီး အထွက်နှုန်း ကောင်းမွန်ရေးအတွက် အပင်ကောင်းဆေးနှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း များကို ဂရုတစိုက် လုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။
"ကျွန်တော်က ကုလားပဲသီးနှံကို နှစ်စဉ်စိုက်ပျိုးပြီး ဈေးကောင်းလည်းရရှိပါတယ်။ လက်ရှိကုလားပဲ ဈေးက ၃၉၀၀၀ ကျော်ဖြစ်ပြီး စိုက်ခင်းတွေလည်း ကောင်းကြပါတယ်။ ဒါပေမဲ့ သီးနှံများရိတ်သိမ်းချိန်မှာ ဈေးကောင်းရရှိကြဖို့ တောင်သူတွေ မျှော်လင့်ကြပါတယ်'' ဟု ကန်ရေကျေးရွာမှ ကုလားပဲစိုက်တောင်သူ ဦးစိုးနိုင်က ပြောသည်။
ဇေယျာထက်(မင်းဘူး)