ပွင့်ဖြူ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၂ ရက် ၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးလုံခြုံစေရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ၊ နယ်မြေလုံခြုံရေး ၊ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သတ်မှတ်ဆေးထိုး အကြိမ်ရေပြည်မီအောင် ထိုးနှံကြစေလိုကြောင်းနှင့် ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိကြစေလိုကြောင်း ၊ မိမိတို့ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို သိရှိလိုက်နာပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုသည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြ သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအောင်မြတ်ခိုင် က ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး )