ကျေးရွာနေပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်

ပွင့်ဖြူ  ဇန်နဝါရီ  ၂၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ယခု ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမခြောက်လပတ်ဘတ်ဂျတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးမှ သိရသည်။                                                                                       

ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာတွင် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေကျပ်  သိန်း(၁၀၀) ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ ကျပ် (၈)သိန်းခွဲဖြင့် လမ်းအရှည်ပေ ၆၄၀၀ အား အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်သွားမှာဖြစ်ပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် တာဝန်ယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကျေးရွာမှာ မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်ပေးတဲ့ (VDP)စီမံကိန်းရန်ပုံငွေနဲ့ ကျေးရွာတွင်းလမ်းတွေကို ရာသီမရွေး သွားလာ နိုင်ရေးအတွက် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက်  (VDP)စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀) နဲ့ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ (၈)သိန်းခွဲတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုလည်း ကျေးရွာနေပြည်သူတွေ လုပ်ငန်းစွမ်း ဆောင်ရည်တိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့ အကျင့်ကောင်းများရရှိ‌စေရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ကျေးရွာနေပြည်သူတွေ ဒီနေ့ မနက်ပိုင်း ကစတင်ပြီး  ကျေးရွာတွင်းလမ်းကို ‌မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး စုပေါင်းပြီး လုပ်ငန်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ လမ်းလုပ်ငန်းဆောင်ရွက်ရာ၌ လုပ်ငန်းအရည် အသွေး ပြည့်မီစေရန်နှင့် အချိန်မီ ပြီးစီးစေရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက လိုအပ်တဲ့ နည်းပညာများ ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံပြည်သူ ဦးကျော်ဆန်းက ပြောသည်။

ရဲဝင်းနိုင် ( ညောင်ဦး )