လက်ပံတန်း ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ဝါးလက်မှုအခြေခံသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉နာရီက လက်ပံတန်းမြို့နယ် ကြို့ပင်စခန်းကျေးရွာအုပ်စု၊ ကြို့ပင်စခန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်စိုးက ကျေးလက်ဒေသဖွံ့ဖြိုးရေးအသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဝါးလက်မှုပညာသင်တန်း(၁၀)ရက်တာ အောင်မြင်စွာဖွင့်လှစ်ပြစီးမှုနှင့် အခြားအ ထောက်အကူပြု သင်တန်းများဖြစ်သည့် ဆပ်ပြာချက်သင်တန်း၊ စက်ချုပ်သင်တန်းနှင့် သံဂဟေလုပ်ငန်းသင်တန်းများ ဖွင့်လှစ်ရန်လျာထားပါကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဦးမျိုးမြင့်က သင်တန်းတွင်ပို့ချခဲ့သော သင်ခန်းစာများအား လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်အကျိုးရှိစွာ အသုံးချကြစေလိုကြောင်း ပြောကြားပြီးသင်တန်း သား/သူ (၂၀)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းသား/သူများကိုယ်စား သင်တန်းသူ မဝါဝါအောင်က လက်ခံရယူပြီး ယခုလို ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာအရောက် ဝါးလက်မှုပညာများကို သင်ကြားပေးသည့်အတွက် ဒေသထွက်ပစ္စည်း ဝါးလက်မှုလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိမည်ဖြစ်ပါကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးလက်မှုအခြေခံသင်တန်းတွင် ကျေးရွာစိတ်ပါဝင်စားသူ သင်တန်းသား/သင်တန်းသူ (၂၀)ဦးအား ဝါးဖြင့် စကော၊ စကာ၊ ခြင်းတောင်း၊ ဦးထုပ်နှင့်ငါးရှဉ့်ပုံးပြုလုပ်နည်းများကို (၁၀)ရက်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)