တောင်ငူ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအေးနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနာယက စာရေးဆရာ တက္ကသိုလ်ပွင့်သူအောင်တို့က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍   စာရေးဆရာ လမ်းပြကြယ်ဘချစ် ရေးသားထုတ်ဝေသည့် တောင်ကတုံးနှင့် ဥယျာဉ်မှူးစာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း နာယက တက္ကသိုလ်ပွင့်သူအောင်နှင့် အဖွဲဝင်များက စာအုပ်ပါအကြောင်း အရာများအား မိမိ၏ ထင်မြင်ယူဆချက်များနှင့် တွေးခေါ်မှုများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးအနေဖြင့် စာပေဖတ်ရှုဝါသနာရှင်များအတွက် အသက်အရွယ်မရွေး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတအတွေးအမြင်များရရှိစေပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်ကာ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)