မုံရွာ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင် ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မုံရွာမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က မုံရွာမြို့ ပြည်ထောင်စုလမ်းပေါ်ရှိ ယာယီကန် သာယာဈေးအတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ပြီး ပါးစပ်နှာခေါင်းစည်း (Mask) (၁၅၀၀)ခုကို ဈေးရောင်းဈေးဝယ်လာသူများနှင့် လမ်းသွား လမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင် ဦးဆောင်သောအဖွဲ့ကအဖွဲ့အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါ ကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှ ဧည့်သည်များ လက်မခံရန် နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်၍ သွားလာ ကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင် ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)