ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြို့ပင်ကောက်မြို့နယ်ရုံးတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ကြို့ပင်ကောက် ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် စာရေးဆရာ နိုက် ရေးသားသော သမီးနှင့်သားသို့ပေးစာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း နှင့်ပူးပေါင်း၍ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ဆက်ဦးစီးမှူးဒေါ်ဝင်းလေးက စာရေးဆရာ နိုက် ရေးသားထားသော သမီးနှင့်သားသို့ပေးစာများ စာအုပ်မှ ယနေ့ခေတ်မိဘများမှ သားသမီးများအား ချစ်ပုံချစ်နည်းမတူညီပုံ၊ ကလေးငယ်များ၏ စိတ်ခံစားမှုမတူညီပုံတို့ကို ထင်ရှားစွာတွေ့မြင် သိရှိနိုင်စေရန် အတွက် အမေရိကန်နိုင်ငံမှ မိသားစုတစ်ခုအကြောင်းနှင့် မြန်မာနိုင်ငံမှမိသားစုတစ်ခု အကြောင်းတို့ကို ထင်ရှားပေါ်လွင်အောင်ဖတ်ကြား ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော စာပေချစ်သူများ အဖွဲ့မှလည်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကြို့ပင်ကောက်မြို့နယ်ရှိ လူငယ်လူရွယ်များ စာအုပ်စာပေများကို ပိုမိုဖတ်ရှု့လေ့လာကြစေရန်၊ စာအုပ်စာစောင်များမှပေးသော အသိပညာဗဟုသုတများကို ရယူပြီး မိမိတို့လက်တွေ့ဘဝတွင် ကျင့်သုံးဆောင်ရွက်သွားနိုင်ကြစေရန်၊ စာပေဖတ်ရှု့သောအလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) လူထုအခြေပြုဗဟိုဌာနတွင် တစ်လလျှင်တစ်ကြိမ် စာဖတ်ဝိုင်းများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)