ပခုက္ကူမြို့တွင် ချောင်းရေကြီးပြီး ကမ်းပါးတိုက်စားပြိုကျမှုဒဏ်များမှ ကာကွယ်နိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပေးလျက်ရှိ

ပခုက္ကူ ဇန်နဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်() ရပ်ကွက်၊ ရွှေချောင်းတံတားအနီးတွင် ချောင်းရေကြီးပြီး ကမ်းပါးတိုက်စား ပြိုကျမှုဒဏ်များမှ ကာကွယ်နိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပေးလျက် ရှိကြောင်းသိရသည်။

 ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်၊ ခြောက်လဘတ်ဂျတ်အတွင်း ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်းတံတားအနီး၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၈၅ သန်းဖြင့် အလျား ၆၅၀ ပေအရှည်ရှိသည့် ကွန်ကရစ်ပိုင်းအခြေပြု ကျောက်စီမြေ ထိန်းနံရံ ကို တင်ဒါအောင်မြင်သည့် ဂုဏ်ရောင်ထွန်းကုမ္ပဏီမှ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး တာဝန်ယူ တည်ဆောက်ပေးလျက်ရှိ ကြောင်း၊ အဆိုပါကျောက်စီမြေထိန်းနံရံအား လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ တည်ဆောက်ရေးနှင့် သတ်မှတ်လုပ်ငန်းကာလအတွင်း တည်ဆောက်ပြီးစီးနိုင်ရေး တို့အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ကြသည်။

ကျောက်စီမြေထိန်းနံရံကို ၂၀၂၂ခုနှစ်၊ မတ်လကုန်အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းများ ရာနှုန်းပြည့် တည်ဆောက် ပြီးစီးပါက ပခုက္ကူမြို့၊ အမှတ်()ရပ်ကွက်၊ ရွှေချောင်းနံဘေးရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ချောင်းရေကြီးပြီး ကမ်းပါးတိုက် စား ကမ်းပြိုကျမှုတို့ကြောင့် နှစ်စဉ် လူနေအိမ်များ ရွှေ့ပြောင်းနေသည့် ဘေးအန္တရာယ်တို့မှ ကင်းဝေးကြတော့မည် ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)