ဂန့်ဂေါ ဇန် ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် ဆောက်လုပ်လျက်ရှိသည့် ခရိုင်/မြို့နယ် ဝန်ထမ်းအိမ်ယာသစ်(၂)လုံး ဆောက်လုပ်နေမှုများကို ဂန့်ဂေါခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် ခရိုင်/မြို့နယ်တည်ဆောက် လုပ်ငန်းစိစစ်ရေး ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ(၁)နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဝန်ထမ်းအိမ်ယာများမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ခရိုင်ဝန်ထမ်းအိမ်ယာ (၃၄ x ၈၀) ပေ၊ (RC) ၁ ထပ်၊ (၄)ခန်းတွဲ ခွင့်ပြုရန်ပုံငွေ (၇၂.၄)သန်းနှင့် မြို့နယ်ဝန်ထမ်းအိမ်ယာ (၃၄ x ၈၀)ပေ၊ (RC) ၁ ထပ်၊ (၄)ခန်းတွဲ ခွင့်ပြုရန်ပုံငွေ (၇၂.၄) သန်းဖြင့် ဝန်ထမ်းအိမ်ရာ အတွင်း/အပြင် ရေ၊ မီး၊ Apron & Drain ပါဝင်သော အမျိုးအစားဖြစ်ပြီး တင်ဒါအောင်မြင်သည့် ဆုထူးစံကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်လျက် ရှိသည်။
ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများသည် တည်ဆောက်လျက်ရှိသည့် ဝန်ထမ်း အိမ်ယာသစ်များ၏ အတွင်း/အပြင်ဆောက်လုပ်မှုများကို ကြည့်ရှုစစ်ဆေးရာ ခရိုင်/မြို့နယ် ဝန်ထမ်း အိမ်ရာအဆောက်အဦများကို တာဝန်ယူ ဆောက်လုပ်နေသည့် ဆုထူးစံကုမ္ပဏီမှ မန်နေဂျာ ဦးမျိုးသက်က တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင် အုပ်ချုပ်ရေးမှူး၊ ဦးဇော်လွင်ဦးက အဆောက်အဦများအား သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစွာ တည်ဆောက်ရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များမှ ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက တင်ပြပေးရန် လမ်းညွှန်မှာ ကြားခဲ့သည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် မိုးလုံလေလုံအားကစားရုံ သစ်ကြီးနှင့် ဘောလုံးကွင်းများ သန့်ရှင်းရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ယော)