ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေ ခေတ္တရာ ပျူမြို့ဟောင်း၊ အပျော်တမ်းစက်ဘီးပွဲတော်‌ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ပြည် ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်မြို့၌ ယခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေ ခေတ္တရာပျူမြို့ဟောင်း၊ အပျော်တမ်းစက်ဘီးပွဲတော်‌ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက် ၈ နာရီက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

အစည်းအဝေးတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီး၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးက ပွဲတော်ကျင်းပ ရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးနန္ဒအောင်က အပျော်တမ်း စက်ဘီးစီးပွဲတော် ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်း‌ ကော်မတီဖွဲ့စည်း ထားရှိမှု အခြေအနေ၊ ကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များ၊ ကြိုဆိုနေရာ ချထားမှုအစီအစဉ်၊ ကြော်ငြာဘုတ်နှင့် လမ်းညွှန်များထားရှိ ဆောင်ရွက်မည့် အခြေအနေ၊ တာလွှတ်ပွဲ အခမ်းအနားပြုလုပ်မည့် နေရာနှင့် ဆောင်ရွက်မည့် အခြေအနေ၊  စက်ဘီးစီးခရီးစဉ်လမ်းကြောင်းနှင့် ခန့်မှန်းကြာမြင့်ချိန်၊ ခေတ္တနားမည့် နေရာများနှင့် ပန်းဝင်မည့်နေရာ၊ ပွဲတော်၌ အသုံးပြုမည့် ဗီနိုင်းပုံစံများနှင့် တူညီ ဝတ်စုံပုံစံများ၊ ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်မည့် အစီအစဉ်နှင့် ဧည့်ခံကျွေးမွေးရေး အစီအစဉ်များ အစရှိသည့် လုပ်ငန်း‌ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တက်ရောက်လာ သော ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကော်မတီအလိုက် တာဝန်ရှိသူ များက လုပ်ငန်းတာဝန်များ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြမှုအပေါ်  တိုင်းဒေသကြီး ဝန်ကြီးက ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးပွဲတော်ကို ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီးအနီး တာလွှတ်နေရာမှ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအနီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းရှိ ဘောဘော ကြီးဘုရားကြီး ပန်းဝင်နေရာခရီးစဉ်အထိ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၇ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့် ပွဲတော်တွင် မန္တလေးမြို့မှ စက်ဘီးစီး အားကစားသမားများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အပျော်တမ်းဝါသနာရှင် စက်ဘီးစီးအားကစားသမား စုစုပေါင်း (၃၀၅)ဦးခန့် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)