ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေး

ဘားအံ ဇန်နဝါရီ ၂၁

အခြေခံပညာမူလတန်းအရွယ် ကျောင်းသား၊ကျောင်းသူများ နို့သောက်သုံးပေးခြင်းဖြင့် အာဟာရ ပြည့်ဝပြီး ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်မြင့်မားတိုးတက်စေရန်၊ နို့သောက်သုံးသည့် အလေ့ အကျင့်ကောင်းများရရှိစေပြီး ဉာဏ်ရည်ထက်မြတ်၍ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ကြီးထွားစေသည့် အကျိုးကျေးဇူးများ ရရှိစေရန်အတွက်  ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် နို့နှင့်ကြက်ဥ များ တိုက်ကျွေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ် လှာကဒေါင် ကျေးရွာအုပ်စု၊  မင်္ဂလာရွာသစ် အခြေခံပညာ မူလတန်းကျောင်းရှိ အခြေခံပညာ ကျောင်းသား/သူများအား သွားရောက်တွေ့ဆုံပြီး အခြေခံပညာမူလတန်းအရွယ်မှပင် ရည်မှန်း ချက်ပန်းတိုင်များ ထားရှိကြရမည်ဖြစ်ကြောင်း ကျောင်းနေပျော်၍ စာတော်ကြသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြေစေလိုကြောင်း အားပေးစကားပြောကြားပြီး ကျောင်းသားကျောင်းသူ ၅၄ ဦးအားနွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ အတွက် ပါးစပ်နှင့် နှာခေါင်းစည်း Mask  များ၊ ၂၀၂၂ ခုနှစ် ပြက္ခဒိန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ အုန်းတစ်ပင် အခြေခံပညာ အထက်တန်းကျေင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦးအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအတွက် ပါးစပ်နှင့် နှာခေါင်းစည်း Mask များ၊ ၂၀၂၂ ခုနှစ် ပြက္ခဒိန်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ကော့ကသောင် အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၅၈ ဦးအား နို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြပြီး ပါးစပ်နှင့် နှာခေါင်းစည်း Mask  များ၊ ၂၀၂၂ ခုနှစ် ပြက္ခဒိန်များအား ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)