ရေဖြူ ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ထိုးနှံခြင်း လုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများ၊ ကြက်ခြေနီများနှင့် ပရဟိတများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ရေဖြူမြို့၊ အောင်သာဝတီခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရေဖြူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု(၅၀) ရာခိုင်နှုန်းကျော်သည့်အတွက် ရေဖြူမြို့နယ်ရှိ ဝန်ထမ်းများ၊ ကြက်ခြေနီများနှင့် ပရဟိတများအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ဆေးထိုးနှံခြင်း လုပ်ငန်းတွင် တစ်မြို့နယ်လုံးကို နေရာအနှံ့ ကွင်းဆင်းထိုးနှံရာတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်မှုကြောင့် ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာ စကားတွင် ပြောကြားပါသည်။
ထို့နောက် ထောက်ပံ့ငွေချီးမြှင့်ရရှိသူများဖြစ်သည့် ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတများအား ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်း၊ အဖွဲ့ဝင်များဖြစ်ကြသော ရေဖြူတပ်နယ်မှူး ဗိုလ်မှူး ခန့်ကျော်ထွန်း၊ ရဲမှူးလှနောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကို၊ ကလိန်အောင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးမြင့်၊ မြို့နယ်ပညာရေးမှူး ဦးမောင်ညို၊ မြိုနယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဇော်ဦးနှင့် ထွေအုပ်ဝန်ထမ်းများ၊ ကြက်ခြေနီများ၊ ရပ်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခတ်တာ