တောင်တွင်းကြီး ဇန်နဝါရီ ၂၁
မကွေးကိုင်းတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရန်ပယ်ရေလှောင်တမံမှ နွေစပါး ၉၀၀၀ ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆည်ရေများကို ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် တည်ဆောက်ရေး လုပ်ငန်းဌာနတို့မှ ထိန်းသိန်းထားသည့် ရေလှောင်တမံ၏ ဆည်ရေသောက် စနစ်အတွင်းရှိ ရေပေးမြောင်းများ၊ ရေပေးမြောင်း အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို မိုးစပါးရေပေးဝေရာသီ ပြီးဆုံးချိန် ဒီဇင်ဘာပထမပတ်မှစတင်ကာ နွေစပါး ရေစတင်ပေးဝေမည့် ဖေဖော်ဝါရီ ပထမပတ်ထိ ရေဖြတ်ကာလ သတ်မှတ်ထားပြီး ယင်းကာလအတွင်း ပြင်ဆင်မွမ်းမံခြင်း၊ မြောင်းစစ်လမ်း၊ မြောင်းပေါင်များပြုပြင်ခြင်း၊ နွေစပါးရေပေးဝေနိုင်မည့်ဧက စိစစ်အတည်ပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ဌာနအနေနဲ့ နွေစပါးရာသီ စိုက်ပျိုးရေဖူလုံစွာရရှိရေးအတွက် နည်းလမ်းခြောက်သွယ်ဖြင့် ဆောင်ရွက်ပေးနေပါတယ်။ ဒီနည်းလမ်းတွေက ဆည်မြောင်း တာတမံများ အသစ်တည်ဆောက်ခြင်း၊ ရေဝေရေလဲဧရိယာမှ စီးဆင်းသည့်ရေများအား အပြည့်အဝသိုလှောင် အသုံးချရေးစီမံဆောင်ရွက်ခြင်း၊ တည်ဆောက်ပြီး ဆည်မြောင်း တာတမံများမှ ဆည်ရေကို ထိရောက်စွာပေးဝေနိုင်ရန်နှင့် ရေပိုမိုသိုလှောင်နိုင်ရန် ပြုပြင်ခြင်း၊ မြစ်ချောင်းများရေလျှံချိန်တွင် အင်းအိုင်ချိုင့်ဝှမ်းများအတွင်းသို့ ရေသွင်းသိုလှောင် ထားရှိခြင်း၊ မြစ်ချောင်းမှရေစုပ်စက်ဖြင့် စုပ်တင်ခြင်း၊ မြေအောက်ရေကို ထုတ်ယူသုံးစွဲခြင်း နည်းလမ်းများဖြင့် လယ်ယာလုပ်ငန်းခွင်မှာ တောင်သူလယ်သမားများ အကျိုးရှိစွာ အသုံးချနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု မြို့နယ် ဆည်မြောင်းနှင့် ရေးအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တောင်တွင်းကြီးမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မိုးရေကိုမှီခိုအားထား စိုက်ပျိုးကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးထုတ်ကုန်များ တိုးတက်ရေးအတွက် အထောက်အကူပြုစေရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက မြစ်ချောင်းများ၊ ဆည်များ၊ တာတမံများ၊မြေအောက်ရေဖော်ထုတ်ရေး စီမံကိန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ပယ်ရေလှောင်တမံ၏မြောင်းများမှ မြောင်းအလိုက် နွေစပါး ၉၀၀၀ ဧကကို ဆည်ရေပေးဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံတောင်သူလယ်သမားများ နွေစပါးအောင်ရေ အပြည့်အဝရရှိစေရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မြောင်းအလိုက် ရေပေးဝေရေး လုပ်ငန်းများကို စနစ်တကျ လိုက်လံစစ်ဆေးခြင်း၊ ဆည်ရေအသုံးချရေးအ ဖွဲ့များ ဖွဲ့စည်းကာ ရေလိုအပ်သည့်မြောင်း လက်တံများတွင် ရေလှည့်စနစ်များပြုလုပ်၍ ရေပေးဝေခြင်းတို့ဖြင့် ဒေသတွင်းစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ပြီး စားနပ်ရိက္ခာဖူလုံရေး၊ တောင်သူများ၏ လူမှုဘဝအကျိုးစီးပွားများ ဖွံဖြိုးတိုးတက်ရေး လိုအပ်ချက်များကို အလေးထား ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)