ဗန်းမောက်မြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ

ဗန်းမောက်  ဇန်နဝါရီ   ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကာကွယ်သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်းတို့ကို ယမန်နေ့က မြို့မဈေး၌ ကျင်းပခဲ့သည်။

အဆိုပါသရုပ်ပြပွဲအခမ်းအနားတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားများဖြင့် ရေများပက်ဖြန်းခြင်း၊ မီးသတ်ဆေးဗူးများဖြင့် လက်တွေ့မီးများငြိမ်းသတ်ပြသခြင်းများအပြင် ဈေးသူ ဈေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဗူးများ ဆောင်ထားကြရန်နှင့် မီးဘေးအန္တရာယ်အကြောင်းသိကောင်းစရာများကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးခူးပိုလီကတ် က ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေလင်းသိန်းက ဈေးအတွင်း မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သတ်မှတ်ထားရှိသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေလင်းသိန်းနှင့် ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မေသူဟန်(ဗန်းမောက်)