ပခုက္ကူ ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် ခရမ်းကြွပ်သီးအပါအဝင် အခြားဟင်းသီးဟင်းရွက် များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ်မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
ခရမ်းသီးကြွပ်သီး ဒသမ ၂၀ဧကစိုက်ပျိုးထားပြီး ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ မျိုးစေ့ချပျိုးထောင်စိုက် ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က စိုက်ပျိုးထွက်ရှိသည့် ခရမ်းကြွပ်သီး မျိုးများဖြစ်ပြီး မျိုးစေ့ချပျိုးပင်ပေါင်း (၈၀၀)ကျော်ကို ပြန်လည်စိုက်ပျိုး ထားကြောင်း၊ လက်ရှိအချိန်တွင် ပျိုးပင်တစ်ပင်ကို ငွေကျပ် ၃ ကျပ်ပေးရပြီး စိုက်ပျိုးထားသော ပျိုးပင်များကို ပေါင်းနုတ်၊ မြေဩဇာကျွေးခြင်း၊ နေ့စဉ် ရေလောင်းပေးခြင်း ခရမ်းကြွပ်သီးအပွင့်များ ပိုးမကိုက်စေရန် ပိုးကောင်လေးများ ဖမ်းယူ ရှင်းလင်းပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဂရုတစိုက် ဆောင်ရွက်ပေးရကြောင်း၊ စိုက်ပျိုးပြီး ချိန်နှစ်လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရပြီး ခရမ်းကြွပ်သီးတစ်ပိဿာကို ငွေကျပ် ၈၀၀ ဖြင့် ရောင်းချရကြောင်း၊ ခရမ်းကြွပ်သီးကို နှစ်စဉ် ဒသမ ၂၀ဧကစိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်တွင် ငွေကျပ်(၁၁)သိန်းရင်းနှီးခဲ့ရာ ၁၉ ပိဿာ ထွက်ရှိသောကြောင့် အမြတ်ငွေ ငါးသိန်းခန့် ရရှိခဲ့ကြောင်း၊ ခရမ်းကြွပ်သီးဝယ်ယူ စားသုံးသူများပြားသော်လည်း ကျေးရွာတွင်း စိုက်ပျိုးလုပ်ကိုင်သူ နည်းပါးသောကြောင့် ယခင်နှစ်ထက်အမြတ်ငွေ ပိုမိုရရှိမည်ဟု ယုံကြည်ကြောင်း၊ ခရမ်းကြွပ်သီးအပြင် ငရုတ်၊ ပဲသီးရှည်၊ မုန့်ညှင်းစသည့် အခြား ဟင်းသီးဟင်းရွက်များ ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ခရမ်းကြွပ်သီးစိုက် တောင်သူ ဦးခင်အောင်က ပြောပြသည်။
ယခုနှစ်တွင် ခရမ်းကြွပ်သီးများ အထွက်နှုန်း ကောင်းမွန်သည့်အပြင် ဈေးကွက်လည်း ကောင်းသောကြောင့် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင် ငွေရရှိကာ တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများလည်း အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)