အထက်မင်းလှ ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ ကုသရေးအဆောင်ဆောက်လုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်ကမင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ခံရသူများအား ကျန်းမာရေးကုသမှုပေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကုသရေးအဆောင် ဆောက်လုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မတည်လှူဒါန်းငွေ၊ ဌာနဆိုင်ရာများလှူဒါန်းမှု၊ စေတနာရှင်ပြည်သူများစုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်မှာဖြစ်ပြီး အဆောက်အဦမှာ အလျား ၇၀ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၁၀ ပေ Steel Structure တစ်ထပ်ဖြစ်ကြောင်းနှင့် ကုသရေးအဆောင် ဆောက်လုပ်ရာတွင်ပါဝင်ဖွဲ့စည်းထားသည့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရာက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ရာဂါကုသရေးအဆောင် ဆောက်လုပ်နိုင်ရေး ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလိုအပ်သည်များအား ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းနောက် ကိုဗစ်-၁၉ကုသရေးအဆောင် ဆောက်လုပ်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာ များစုပေါင်း၍ ပထမအကြိမ်လှူဒါန်းငွေ ကျပ်သိန်း(၅၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဒါန်းပေးခဲ့ရာ အဆောက်အဦဆောက်လုပ်မှုကြီးကြပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစန်းမင်း၊ အဖွဲ့ဝင်ဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် မြို့မိမြို့ဖဒေါက်တာအောင်မြင့်တို့မှ လက်ခံရယူခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)