နတ်မောက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ် (၆)လဘတ်ဂျက်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းအား ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က မျက်ရဲကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြ ဆရာမ ဒေါ်ရည်ရည်မြင့်က သင်တန်းတွင်ပို့ချရမည့် ဘာသာရပ်များဖြစ်သည့် အဝတ်လျှော်ဆပ်ပြာ ပြုလုပ်နည်း၊ ပန်းကန်ဆေး ဆပ်ပြာပြုလုပ်နည်း၊ သဘာဝပန်းကန်ဆေး ဆပ်ပြာပြုလုပ်နည်း၊ ရေချိုးဆပ်ပြာပြုလုပ်နည်း၊ သဘာဝ ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ Shampoo ပြုလုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းများ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာသင်ယူ၍ မိမိတို့မိသားစု တပိုင်တနိုင်စီးပွားရေးအဖြစ် ပြန်လည် အသုံးချစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား သင်တန်းသား/သူ (၂၀)ဦးတက်ရောက်ခဲ့ပြီးသင်တန်းကာလမှာ (၅) ရက်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတက်တက်စေရန် ရည်ရွယ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းသူရက ပြောကြားခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်