ကော့ကရိတ်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ်  ဇန်နဝါရီ    ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Bool Club) အဖွဲ့ဝင်များနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ ဆူးသစ်ရေးသားသည့် “ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်လှလှနွယ်က အသိပညာဗဟုသုတများ မျှဝေပေးရန်၊ အစုအဖွဲ့များတွင် ပါဝင် ဆွေးနွေးနိုင်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှု  သည့် အချိန်နှင့် အလေ့အကျင့်များ ရရှိစေရန်၊ မိမိပတ်ဝန်းကျင်တွင် အသိပညာ ဗဟုများ ပြည်လည်မျှဝေ အသုံးချတတ်ပြီး နိုင်ငံတော်အတွက် အားထားရသည့် ပုဂ္ဂိုလ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီး အရာရှိဒေါ်ခင်မျိုးဝင်းက ဘာကြောင့်စာဖတ်သလဲ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမက(၁၇)ကျောင်းမှ ကျောင်း ဆရာမ ဒေါ်စံပယ်ခိုင်က စာအုပ်ထဲမှာ ပါတဲ့အကြောင်း အရာတွေကို ကိုးကားပြီးပြောရရင် မိမိတို့အနေဖြင့် အချိန်နှင့် အရွယ်ရှိတုန်း ခွန်အားရှိသော စာများကို ဖတ်သင့်ကြောင်း၊ ဘဝမှာ တစ်ကယ့်ကို အားနဲ့မာန်နဲ့လုပ်ရင် ကျေနပ်စရာ တွေ၊ အောင်မြင်မှုတွေ ရလာနိုင်ကြောင်းနှင့် အမက (၁၇)ကျောင်းမှ ကျောင်းဆရာ ဦးစိုးဝင်းဦးက သင်က ချို့တဲ့နေသူ တစ်ယောက်ဖြစ်နေခဲ့လျှင် ပြည့်စုံသူဖြစ်အောင် ဘယ်လိုလုပ်သင့်လဲ၊ ဘယ်သူမဆို ပြည့်စုံသူတော့ ဖြစ်ချင်ကြကြောင်း၊ ဒါကြောင့် ဆူးသစ်ရဲ့ စာအုပ်ကို ဖတ်ကြပြီး လူဖြစ်လာလျှင် ဘာလုပ်မလဲ မေးခွန်းကို ဖြေနိုင်ကြဖို့ လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော အသင်းအဖွဲ့များ၊ စာပေဝါသနာရှင်များမှ ဆွေးနွေးသွားသည့် အပေါ် မိမိတို့ အမြင်များ၊ သုံးသပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)