လပွတ္တာ ဇန်နဝါရီ ၂၁
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်မီးသတ်ဦးစီးဌာနမှ ပြည်သူလူထုအပေါ်ကျရောက် လာနိုင်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင် မှုများကို ဆောင်ရွက်လျက်ရှိပြီး ဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျင်မြန်စွာ တုန့်ပြန်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ်လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၀၈:၀၀)နာရီအချိန်က လပွတ္တာခရိုင်(၃)မိုင်မြို့သစ် မီးသတ်စခန်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့် သဏ္ဍာန်တူအဆောက်အဦပြုလုပ်၍ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး၍ ပိမိနေသောလူနာအား ရှာဖွေကယ်ဆယ်ရေး ပစ္စည်းအသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်း၊ အထပ်မြင့်အဆောက်အဦးတွင် ပိတ်မိနေသောလူနာအား Emergency Ladder Rescue method အားအသုံးပြု၍ လူနာအားကယ်ဆယ်ခြင်း၊ Tower Rescue trolley method အားအသုံးပြု၍ လူနာအားကယ်ဆယ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
မြေငလျင်ဘေးဇာတ်တိုက်လေ့ကျင့်မှုများကို ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးမြင့်မှ အနီးကပ်ကြီးကြပ်ကွပ်ကဲပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦးဖြင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။