ကြံခင်းမြို့နယ် ဆိပ်သာကျေးရွာအုပ်စုတွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ကျွဲ၊ နွား မွေးမြူထုတ်လုပ်ရေး သင်တန်းဖွင့်လှစ်ပို့ချ

ကြံခင်း  ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်ဒေသနေ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရန်၊ မွေးမြူရေး အသိပညာ ရရှိစေရန်ရည်ရွယ်ပြီး (CERP)စီမံချက်အရ ကျွဲ၊ နွား မွေးမြူရေး သင်တန်းကို ဩဂုတ်လ(၂၄)ရက်နေ့မှ ယနေ့အထိ ကြံခင်းမြို့နယ် ဆိပ်သာကျေးရွာအုပ်စု မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုက ကျွဲ၊ နွားများတွင် ဖြစ်တတ်သော ရောဂါလက္ခဏာများ၊ ကာကွယ်ရမည့် အချက်များ၊ ဖြစ်ပွားလာလျှင် အချိန်မှီထိန်းချုပ် ကုသပေးနိုင်ရန် နည်းလမ်းများ၊ အစာအဟာရ ကျွေးမွေးပုံများ၊ မျိုးကောင်းမျိုးသန့် ကျွဲ၊ နွားမွေးမြူရေးနှင့် အသား ထုတ်လုပ်မှု ကဏ္ဍများအား သိရှိစေနိုင်ရန် သင်တန်းပို့ချပေးခဲ့ရာ စိတ်ပါဝင်စားသော ကျေးလက်နေ ပြည်သူ(၂၀)ဦး တတ်ရောက် ခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ကုစားမှု (CERP)စီမံချက်အရ ရပ်ကွက်/ ကျေးရွာများတွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ အသိပညာပေး သင်တန်း (၆)မျိုးကို ကျေးရွာ အုပ်စုများတွင် (၁၂)ကြိမ်ဖွင့်လှစ်ပို့ချမှာ ဖြစ်ကြောင်းနှင့် ယခုလတွင် အပြီးပို့ချပေးမှာ ဖြစ်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)