အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး ဇန်နဝါရီလ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော်အား ကျင်းပပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်မည့် စက်ဘီးစီးသမားများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ပြည့်စုံအောင် ဆောင်ရွက် ပေးရန်နှင့် ကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်စာရင်းဝင်နယ်မြေမှာ ကျင်းပခြင်းဖြစ်၍ စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနန္ဒအောင်က အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပြိုင်ပွဲအား ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိမှု အခြေအနေများအား Power Point ဖြင့် လည်းကောင်း၊ တက်ရောက်လာသည့် ဆပ်ကော်မတီ(၉)ခု ဥက္ကဋ္ဌများက ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်သွား မည့် အခြေအနေများအား အသီးသီးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်အကြံပြုချက် ဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်း စက်ဘီးစီး ပြိုင်ပွဲကျင်းပခြင်းအားဖြင့် ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင် သရေခေတ္တရာပျူမြို့ဟောင်းရှိ ရှေးဟောင်း အမွေအနှစ်များ၊ တန်ခိုးကြီးဘုရားများနှင့် ပြည်မြို့၏ သဘာဝအလှအပများကို အများ ပြည်သူ သိရှိခံစားရစေရန် ရည်ရွယ်၍ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်း ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)