နတ်မောက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် (၆)လဘတ်ဂျက်၌ နတ်မောက်မြို့နယ်၊ သက်ရင်းတော ကျေးရွာတွင် လယ်ယာမြေဧက (၃၀၀၀) ကျော်အကျိုးပြုမည့် ကုန်ထုတ်လမ်း ဖောက်လုပ် လျက်ရှိကြောင်း သိရသည်။
ထိုသို့ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ရာတွင် တင်ဒါအောင်မြင်ငွေကျပ် ၃၇.၆သန်း အသုံးပြုပြီး အရှည် ၉၉၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းကို သိင်္ဃဟရေနံသာကုမ္မဏီမှ တာဝန်ယူ ဆောင်ရွက်ပြီး ဒီဇင်ဘာပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါကျေးလက် ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ စိုက်ပျိုးဧက (၃၀၀၀)ကျော်မှ ထွက်ရှိသည့် လယ်/ယာထွက်သီးနှံများ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များ ကုန်ကျစရိတ်အနည်းဆုံးဖြင့် စျေးကွက်သို့ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင် နိုင်မည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရထံမှ သိရသည်။
သင်းသင်းမြတ်