ဖောင်းပြင် ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ဦးစီးမှူးရုံးနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က မိုင်းချောင်း ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး မော်လိုက်ခရိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)ပြည့် မှတ်ပုံတင်ကတ်ပြားဆောင်ရွက်သူ (၁၂)ဦး၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်ကတ်ပြား ဆောင်ရွက်သူ(၂၃)ဦး၊ သက်ပြည့် လဲလှယ်သူ(၃၅)ဦးနှင့် အိမ်ထောင်စု(၃၂)စုတို့အား ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်သည့် အိမ်ထောင်စု လူဦးရေစာရင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး ဖောင်းပြင် မြို့နယ်အတွင်း ပန်းခင်းစီမံချက်အရ မှတ်ပုံတင်ကတ်ပြား ၃၆၆၃ကတ် ဆောင်ရွက် ပေးထားပြီးဖြစ်ကြောင်း ရာခိုင်နှုန်းအားဖြင့် ၇၅ ဒသမ ၅ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစည်သူကျော်ထံမှ သိရသည်။
မြင့်ထွန်း(ပြန်/ဆက်)