ဘားအံ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်အတွင်းရှိ သောက်ရေသန့် လုပ်ငန်းရှင်များမှထုတ်လုပ်သော သောက်ရေးသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည့် အချက်များကို သိရှိဆောင်ရွက်နိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ စစ်ဆေးခံနိုင်ရေးအတွက် သောက်ရေသန့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကရင်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဌာန၏ မျှော်မှန်းချက်၊ရည်မှန်းချက်များအကြောင်း၊စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား အငြင်းပွားမှု မဖြစ်စေရေး စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များနှင့် ကုန်အညွှန်းအမှတ်အသား အကြောင်းကိုဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ် သောက်ရေသန့်လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ဘားအံ မြို့ရှိ သောက်ရေသန့် လုပ်ငန်းရှင်များအသင်းကို လုပ်ငန်းရှင် (၄၂) ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အသင်းအဖွဲ့အနေဖြင့် FDA ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ အသင်းမဝင်ရသေး သည့် လုပ်ငန်းရှင်များကိုလည်း အသင်းအဖွဲ့တွင် ဝင်ရောက်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ ကိုဗစ် ရောဂါ ဖြစ်ပွားနေသည့် ကာလတွင်လည်း ရေသန့်လုပ်ငန်းရှင်များအနေဖြင့် ရေသန့်ဘူးများ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကုန်စည်များတွင် ထုတ်ကုန်လုံခြုံ၊ စိတ်ချရမှု ရှိစေရန် အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ၊ ပုဒ်မ (၄၃) အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိက ပါဝင်ရမည့် အချက်များကို ဆွေးနွေးပြောကြားခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ရေသန့်လုပ်ငန်းရှင် များက မိမိတို့သိရှိလိုသည့် အချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)