အမာ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ (၃)ရပ်ကွက်ရှိ နေသူရိန်လမ်းမကြီး ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ၊ အမာမြို့စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်(၆လဘတ်ဂျက်) ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး လမ်းအရှည်(၁၃၉၅)ပေ၊ အကျယ်(၁၂)ပေနှင့် ထုထည်(၃)လက်မ ရှိမည် ဖြစ်ပြီး လမ်းခင်းခြင်းလုပ်ငန်းကို နွေဦးခင် ကုမ္ပဏီမှ တင်ဒါအောင်မြင်ငွေ ကျပ်(၃၀.၄၆)သန်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
နေသူရိန်လမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့် အညီပြည့်မီရေး အတွက် တာဝန်ရှိ သူများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လမ်းပြီးစီးပါက မြို့ပေါ်ရပ်ကွက် အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာစွာ သွားလာနိုင်မည် ဖြစ်ကြောင်းသိရှိရသည်။
နော်လေး