ပူတာအိုခရိုင်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး(Talk Show)ဆွေးနွေး

ပူတာအို  ဇန်နဝါရီ  ၂၁

ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် နွေရာသီအချိန်ကာလတွင် ပြည်သူများ၏အိုးအိမ်စည်းစိမ်များ မီးလောင်ဆုံးရှုံးမှု မဖြစ်ပွားစေရန် နှင့်ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်အတွက် မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအသိပညာပေး(Talk Show)အွန်လိုင်းမှတဆင့်ဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမ၌ကျင်းပ သည်။

အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက မီးလောင်မှု ဖြစ်ပွားရသည့် အခြေခံအကြောင်းအရင်းများ၊ဒေသခံပြည်သူများမှ မီးလောင်မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ရမည့်အချက်များ၊မီးလောင်မှုဖြစ်ပွားပါက ပြည်သူများအနေဖြင့် ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဦးစီးဌာန၏ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပူတာအိုဒေသ ၏မီးလောင်မှုဖြစ်ပွားမှု အခြေအနေများ (ယခင်နှစ်ယခုနှစ်နှိုင်းယှဉ်ချက်)စသည့် ပြည်သူများသိရှိထားရမည့် အချက်များအား မေးမြန်းဆွေးနွေးရာ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်က မေးမြန်းဆွေးနွေး ချက်များ အပေါ်အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။

ပူတာအိုခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိမူရေးနှင့်မီးဘေး ကြိုတင်ကာကွယ် တားဆီးရေးဟူ၍ အပိုင်းနှစ်ပိုင်းဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ပူတာအို ဒေသအနေဖြင့် ၂၀၂၀-ခုနှစ်တွင် မီးလောင်မှုအကြိမ်ပေါင်း ငါးကြိမ်နှင့်ဆုံးရှုံးမှု တန်ဖိုး(၈၅၀၀၀၀) ကျော် ခန့်၊၂၀၂၁-ခုနှစ်တွင် မီးလောင်မှုအကြိမ်ပေါင်း ခုနှစ်ကြိမ်နှင့်ဆုံးရှုံးမှု တန်ဖိုး(၄၇)သိန်း ခန့်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)