သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

သရက်     ဇန်နဝါရီ   ၂၀  

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၂ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မူလတန်းအဆင့် ဆေးရောင် ခြယ် ပြိုင်ပွဲကို ကျင်းပခဲ့ရာ ရုံးရပ် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ ချီးမြှင့်ခဲ့သည်။

 သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ် လူရွယ်များအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင် ကြည်နူးစေရန်၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်ပြီး အသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ၊ ပြပွဲ ပြိုင်ပွဲများအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)