မကွေး ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး)ရှိ မိုးလုံ လေလုံ အားကစားခန်းမနှင့် ပင်မဆောင်ရှေ့ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ရှိန်၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် နည်းပညာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းတို့က ပင်မဆောင်ရှေ့ ကွန်ကရစ်လမ်းနှင့် မိုးလုံလေလုံ အားကစားခန်းမတို့အား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ သည်။
အခမ်းအနား ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ခေတ်ရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေပါဝင်နေတာဖြစ်ကြောင်း၊ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ပညာရေးကို အားပေးဆောင်ရွက်နေသလို သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန အနေဖြင့်လည်း နိုင်ငံတော်၏ လူမှုစီးပွားရေးကို အထောက်အကူ ပြူရန် အတွက် လိုအပ်လျက်ရှိတဲ့ လူစွမ်းအား အရင်းအမြစ်များ အင်ဂျင်နီယာ အတတ်ပညာရှင်များ ကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးရန် ကြိုးပန်း ဆောင်ရွက်လျက်ရှိတာ တွေ့ရကြောင်း၊ နည်းပညာတက္ကသိုလ်တွေဟာ အင်ဂျင်နီယာတွေ မွေးထုတ်ပေးရာ ဌာနဖြစ်တဲ့အလျှောက် အင်ဂျင်နီယာ ပညာရပ်တွေနဲ့ ပြည့်ဝတဲ့အပြင် ကျန်းမာကြံခိုင်၊ ကာယ၊ ဗလ၊ ခွန်အားတွေနဲ့ ပြည့်ဝသော စည်းကမ်းပြည့်ဝပြီး အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်တတ်သော၊ ဒေသအကျိုး၊ နိုင်ငံအကျိုးကို သယ်ပိုးနိုင်သော အင်ဂျင်နီယာတွေ မွေးထုတ်ပေးတဲ့နေရာမှာ အခုလို မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက် ပေးတာဟာ များစွာအထောက်အကူ ပြုစေမှာဖြစ်ပါကြောင်း၊ အခုလို နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကြောင့် ပညာရေးရပ်တန့်မနေဘဲ ပညာ သင်ယူမှု အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့ Education 4.0 နဲ့အညီ ဆောင်ရွက်နိုင်ဖို့ တက္ကသိုလ်အနေနဲ့ ဒေသအတွက်လိုအပ်သော သင်ခန်းစာတွေ ပို့ချနိုင်ဖို့ လိုအပ်တာတွေ ပြင်ဆင်ဆောင်ရွက် ကြဖို့ မှာကြားလိုကြောင်း၊ ဒါမှသာ ဆရာ ဆရာမတို့ကလည်း မိမိတို့ရရှိတဲ့ အခွင့်အလမ်းကို ကောင်းစွာအသုံးပြုပြီး Education 4.0 နဲ့အညီသင်ကြား၊ သင်ယူမှုတွေ ဆောင်ရွက် ကြဖို့နဲ့ ကျောင်းသား ကျောင်းသူများကလည်း မိမိတို့ အခွင့်အလမ်းတွေကို အဆုံးရှုံးမခံဘဲ ပညာတွေ ဆက်လက်သင်ယူကြဖို့ တိုက်တွန်းအပ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းက နည်းပညာတက္ကသိုလ်(မကွေး)ရှိ မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက် ရေးလုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တည်ဆောက်ရေး ကုမ္ပဏီများမှ လုပ်ငန်းလွှဲပြောင်းပေး အပ်ကာ မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ခြင်းလုပ်ငန်း အောင်မြင်ခြင်း အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ယင်းနောက် နည်းပညာတက္ကသိုလ်(မကွေး)ရှိ စာပေနှင့် အနုပညာအသင်းမှ ဆရာ/ ဆရာမများ က ထာဝရသစ္စာ၊ လက်ပံပွင့်ကောက် တေးသီချင်း များဖြင့် ကပြဖျော်ဖြေ တင်ဆက်ကာ တက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်းခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)