ဖျာပုံခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများ အသိပညာပေးဆွေးနွေး

ဖျာပုံ     ဇန်နဝါရီ         ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး လုပ်ငန်းများ၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အခွန်ပညာပေးလုပ်ငန်းများ အကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဖျာပုံခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့    ဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ဖျာပုံခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာများအားလည်းကောင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဖျာပုံ မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကြူကြူခိုင်က အခွန်အမျိုးအစားများနှင့် ပတ်သက်သည်များအား လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးဇော်မင်းထွန်းက တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ သယ်ယူရွှေ့ပြောင်းခြင်း၊ လက်ဝယ်ထားရှိခြင်းဆိုင်ရာ သစ်တော ဥပဒေဆိုင်ရာများအား လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသော လုပ်ငန်းရှင်များက သိရှိလိုသည် များအား မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများနှင့် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်