ပွင့်ဖြူ ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က အမှာစကားပြောကြားရာတွင် ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်ပြီး မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်မှုရှိသဖြင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ အနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်း၊ ကာကွယ်ဆေး မထိုးနှံရသေးသူများကိုလည်း သတ်မှတ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး သွားရောက်ထိုးနှံရေး တိုက်တွန်းနှိုးဆော်ပေးကြစေလိုကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတွင် အသက် (၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများကိုလည်း ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသော ကျောင်းသား ကျောင်းသူများကို သတ်မှတ်ဆေးထိုးအကြိမ်ရေ ပြည့်မီစွာထိုးနှံပြီးစီးရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်သွားနိုင်ရန်နှင့် ကာကွယ်းဆေးထိုနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများ ဆေးထိုးစုရပ်အလိုက် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)