စေတုတ္တရာမြို့နယ် ကျန်စိမ့်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး

စေတုတ္တရာ    ဇန်နဝါရီ   ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ကျန်စိမ့်ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ဦးစီးမှူးရုံးမှ အသက် ၁၀ နှစ်ပြည့်နှင့် အသက်၁၈နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျန်စိမ့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့က ပြုလုပ်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စေတုတ္တရာမြို့နယ် ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးထွန်းထွန်းမင်းနှင့် ဝန်ထမ်းများက  ကျန်စိမ့်ကျေးရွာရှိ  အသက် ၁၀ နှစ်ပြည့်နှင့် အသက် ၁၈ နှစ်ပြည့် ကျား ၃၆ ဦးနှင့် မ ၄၄ ဦး၊ စုစုပေါင်း ၈၀  ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်ကိုင်ဆောင်ထားရှိနိုင်ရေး အထောက်အထားများ စီစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်အောင်