မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝဘေးအသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန Community Centre ‌တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအသိပညာပေး Talk Show အစီအစဉ်အား  ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းမှ ဌာန၏ရည်ရွယ်ချက်များဖြစ်သော သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခ ကြုံတွေ့နေရသော ဒုက္ခသည်များအား စားဝတ်နေရေး လတ်တလောသက်သာချောင်ချိမှု ရရှိစေရေးအတွက် အထောက်အပံ့ပေးရန်နှင့် လူ့အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှု လျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးရန် စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လေဘေး (၂၆) ကြိမ်၊ မီးဘေး (၂)ကြိမ်၊ မိုးကြိုးဘေး (၁) ကြိမ်၊  စုစုပေါင်း (၂၉)ကြိမ်မှ ဘေးသင့်ပြည်သူ (၁၆၁) ဦးတို့အား ထောက်ပံ့ငွေ (၅၇၉၀၆၁၄) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိသည့် သဘာဝဘေးများဖြစ်သော လေပြင်းဘေး၊ ရေဘေး၊ မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး စသည့် ဘေး(၈)မျိုးအကြောင်း ရှင်းလင်းပြောကြားကာ လက်ရှိဆောင်ရွက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းများ၊ သင်တန်းများနှင့် ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ပညာပေးလုပ်ငန်းများဖြစ်သည့် သဘာဝဘေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဟောပြောပွဲများ၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး ဗီနိုင်းများစိုက်ထူပြသပေးခြင်းနှင့် Loud Speaker, Hand Speaker များဖြင့် ကျေးရွာများသို့ လှည့်လည်ကြေငြာခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထောက်ပံ့နိုင်ရေးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်းတွင် ကယ်ဆယ်ရေးပစ္စည်းများ အိမ်ထောင်စု (၅၀)စာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားလျက် ရှိပြီဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အောင်အောင်