ဒိုက်ဦး ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု တာဂွကျေးရွာကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၌ ယနေ့နံနက်ပိုင်းက တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကရင်ဒုံးယိမ်းအက၊ ချင်းရိုးရာအကများ ကပြဖျော်ဖြေပြီး အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဝန်ကြီး ဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံ သားအခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးခြင်း ဒိုက်ဦးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်မာသိန်းက စီမံဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း တိုင်းရင်း သားအခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဆုသီရိအေးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်ယဉ်နွယ်စိုးက ကိုဗစ်-၁၉ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပေးအပ်ကာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ စောကဘော်မူးက ကျေးဇူးတင်စကားပြောကြားပြီး၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)