သာယာဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သာယာဝတီ ဇန်နဝါရီ ၂၀

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခင်ဆွေဦးက စိန်ရတုမြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများအား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဌာနဆိုင်ရာ၊ NGO အဖွဲ့အစည်းများ၊ အရပ်ဖက် လှုမှုဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များက အချင်းချင်း ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များအား ဦးစွာလမ်းညွှန်မှာကြား ဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းဟိုက ပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် သတ်မှတ်ပေးထားသည့် လုပ်ငန်းကော်မတီအလိုက် တိတိကျကျနှင့် မြန်မြန်ဆန်ဆန်ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း​၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ တွင်လည်း စေတနာရှေ့ထားပြီး စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပေးအပ် ထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် လစ်ဟာမှုမရှိစေရေး အလေးထား ဆောင်ရွက် ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ရွှေဝါဖူး က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများအား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်အား အသေးစိတ် ချပြရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက် လာကြသည့် ဌာနဆိုင်ရာများ၊ NGO များ၊ CSO များနှင့် လုပ်ငန်းရှင်များက သိရှိလိုသည်များအား မေးမြန်းခြင်းနှင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် Perfect Generations Education Centre တို့မှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် မြို့နယ် အခြေခံပညာ ဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် Grade 1 အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ အားလည်းကောင်း၊ ၉ ရက်နေ့တွင် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအားလည်းကောင်း၊ ၁၀ ရက်နေ့တွင် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲအားလည်းကောင်း သာယာဝတီမြို့၊ Community Centre တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုရရှိသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)