ရွှေကျင် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဝိုင်ပျဉ်ရေကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝိုင်ပျဉ်ရေကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့ စက်/ဆောင်းဘောက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုအများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့်အတွက် ရွှေကျင်မြို့နယ်အတွင်း ဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်အတွင်းမှာသာ နေထိုင်ကြပါရန်၊ လူစုလူဝေးကိုရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကို မကြာခဏဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ စကားပြောဆိုခြင်းများ ရှောင်ကြဉ်ကြပါရန်၊ ပစ္စည်းတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျလက်ဆေးပါ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း ထိတွေ့ခြင်းများ မပြုလုပ်ရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်ရန်၊ မိမိတို့၏နေအိမ်များကို ပြတင်းတံခါးများဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြပါရန်၊ စသည့် လိုက်နာရမည့်အချက်များ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသံချဲ့စက်/ဆောင်းဘောက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)